Monday 1 November 2010

အောင်မြင်သူနဲ့ ကျရှုံးသူတို့ အတွေးများ

အောင်မြင်တဲ့သူဆိုတာ အမြဲတမ်းပဲ အဖြေတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတတ်တယ်။
ကျရှုံးတဲ့သူကတော့ ပြဿနာတွေနဲ့ အမြဲတမ်း တလုံးတထွေး ဖြစ်နေတတ်သူပေါ့။

အောင်မြင်တဲ့သူမှာ အစီအစဉ် တစ်ခုမဟုတ်တစ်ခု ရှိနေတတ်တယ်။
ကျရှုံးတဲ့သူဆီမှာတော့ ဆင်ခြေဆင်လက်တွေကလွဲပြီး တခြားဘာမှ မရှိတတ်ဘူး။

အောင်မြင်တဲ့သူကပြောတယ် "ငါ....မင်းအတွက် လုပ်ပေးပါရစေ" တဲ့။
ကျရှုံးတဲ့သူဆီက ကြားရမှာကတော့ "အဲဒါ ငါ့အလုပ် မဟုတ်ဘူး"။

အောင်မြင်တဲ့သူက အခက်အခဲတိုင်း၊ ပြဿနာတိုင်းမှာ အဖြေရှိတယ်လို့ မြင်တယ်။
ကျရှုံးတဲ့သူကတော့ အဖြေတိုင်းမှာကိုပဲ ပြဿနာတွေနဲ့လို့ မြင်နေတတ်သူပေါ့။

အောင်မြင်တဲ့သူက "ဒါဟာ ခက်ခဲမှာမှန်ပေမယ့် ကျွန်တော်တို့ လုပ်နိုင်မှာပါ" လို့ ပြောတဲ့အချိန်မှာ၊
ကျရှုံးတဲ့သူကတော့ "ဖြစ်နိုင်စရာရှိပေမယ့် အဲဒါဟာ ကျွန်တော်တို့အတွက် အရမ်းကို ခက်ခဲလိမ့်မယ်" လို့ ပြောတတ်တယ်။

အောင်မြင်တဲ့သူက အမှားလုပ်မိတဲ့အခါ "ကျွန်တော်မှားသွားပါတယ်" လို့ ၀န်ခံပြောဆိုတတ်ပေမယ့်၊
ကျရှုံးသူကတော့ "အဲဒါ... ငါ့ကြောင့်မဟုတ်ဘူး" လို့ ငြင်းဆန်တတ်တယ်။

အောင်မြင်တဲ့သူက ကတိပေးထားတဲ့အတိုင်း လုပ်နေတဲ့အချိန်မှာ၊
ကျရှုံးတဲ့သူကတော့ လုပ်ပါ့မယ်လို့ ကတိတွေ အထပ်ထပ် ပေးနေတုန်းပဲ။

အောင်မြင်တဲ့သူမှာ စိတ်ကူးအိပ်မက်တွေရှိတယ်။
ကျရှုံးတဲ့သူမှာတော့ လျှို့ဝှက်အကြံအစည်တွေပဲရှိတယ်။

အောင်မြင်တဲ့သူက "ငါ... တစ်ခုခုကို မဖြစ်မနေလုပ်ရမယ်" လို့ ပြောတဲ့အချိန်မှာ၊
ကျရှုံးတဲ့သူကတော့ "ငါလုပ်ခဲ့ပြီးသားဖြစ်ရမှာ" လို့ ညည်းတယ်။

အောင်မြင်တဲ့သူက အသာစံရမယ့် ပန်းတိုင်ကို မြင်အောင်ကြည့်တယ်။
ကျရှုံးတဲ့သူကတော့ နာကျင်ရမယ့် ဆူးခင်းလမ်းတွေကို တွေးကြောက်နေတယ်။

အောင်မြင်တဲ့သူက ဖြစ်နိုင်ခြေတွေကို မြင်နေတဲ့အချိန်မှာ၊
ကျရှုံးတဲ့သူကတော့ အခက်အခဲတွေ၊ ပြဿနာတွေကိုပဲ မြင်တယ်။

အောင်မြင်တဲ့သူက နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် "ရှဥ့်လည်းလျှောက်၊ ပျားလည်းစွဲ " (win-win) ဆိုတာကို ယုံကြည်ပေမယ့်၊
ကျရှုံးတဲ့သူကတော့ သူအနိုင်ရဖို့အတွက် အခြားတစ်ယောက် ရှုံးနိမ့်ရမယ်လို့ ယုံကြည်ထားတယ်။

အောင်မြင်တဲ့သူက ဘယ်လိုအလားအလာတွေ ရှိသလဲဆိုတာကို မြင်အောင်ကြည့်တယ်။
ကျရှုံးတဲ့သူကတော့ အတိတ်က ရွှေထီးဆောင်ခဲ့တာကိုပဲ အိပ်မက်,မက်ကောင်းနေတုန်းပဲ။

အောင်မြင်တဲ့သူက သူပြောထားတဲ့အတိုင်း ရွေးချယ်တယ်။
ကျရှုံးတဲ့သူကတော့ သူဘာရွေးချယ်ထားသလဲလို့ပဲ ပြောတယ်။

အောင်မြင်တဲ့သူတွေဟာ ယဉ်ကျေးဖွယ်ရာတဲ့ စကားလုံးတွေနဲ့ အကျိုးအကြောင်းကို ဆွေးနွေးငြင်းခုန်ကြတယ်။
ကျရှုံးတဲ့သူတွေကတော့ ကြမ်းတမ်းတဲ့စကားလုံးတွေကို ပျားရည်သုတ်ပြီး လေပြေထိုးတတ်တယ်။

အောင်မြင်တဲ့သူတွေက "ကိုယ်မကြိုက်တဲ့အလုပ်ကို သူများအပေါ်လည်း မလုပ်ပါနဲ့" ဆိုတဲ့စကားကို လက်ကိုင်ထားပေမယ့်၊
ကျရှုံးတဲ့သူတွေကတော့ "သူများက ကိုယ့်ကိုမလုပ်ခင်၊ ကိုယ်ကဦးအောင်လုပ်ရမယ်" ဆိုတဲ့စကားကို ဦးထိပ်ပန်ဆင်ကြတယ်။

အောင်မြင်တဲ့သူတွေ ကိုယ်ဖြစ်ချင်တာကို ပုံဖော်ထုလုပ်ကြတယ်။
ကျရှုံးတဲ့သူတွေကတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ရေစုန်မျှောလိုက်ကြတယ်။

အောင်မြင်တဲ့သူတွေက အောင်ပွဲအတွက် အစီအစဉ်ချပြီး ကြိုတင်ပြင်ဆင်ကြတယ်။
ကျရှုံးတဲ့သူတွေကတော့ အောင်မြင်ဖို့အတွက် အစီအစဉ်ဆွဲရုံသက်သက်ပဲ။

စိတ်အားမငယ်ပါနဲ့ ..ဘေးနားမှာနေပေးပါရစေ။
အားငယ်နေရင် အားပေးပါရစေ။
လိုအပ်ရင် အနားမှာအမြဲရှိပါရစေ။
သိပ်ချစ်တယ် မ ကို 
 မှတ်တိုင်တခုကို တဖြေးဖြေးနဲ့ မ နဲ့ မောင် အတွက်တည်ဆောက်နေတယ်လို့ သဘောထားပေးပါ။
သိပ်ချစ်တဲ့ မောင်

No comments:

Post a Comment