Thursday 21 October 2010

အချစ်များစွာ

တချို့က အချစ်ဆိုတာ တွင်းအောင်းသတ္တဝါတစ်မျိုး
တချို့က အချစ်ကို ပင်လယ်မှာ ထွက်ဖမ်းရတယ်
တချို့က အချစ်ဆိုတာ ကျောက်ဆောင်တွေထက် အသိုက်ဖွဲ့နေတတ်တဲ့ ငှက်တစ်မျိုး
တချို့က အချစ်ဆိုတာ ကုန်းတွင်းသတ္တဝါပါ
တချို့က အချစ်ဆိုတာ သစ်ပင်မြင့်တွေ ခွဆုံထက် တွယ်ကပ်ပေါက်နေတဲ့ပန်းတစ်မျိုး
အချစ်ဆိုတာ ရာသီစာပဲ
အချစ်ဆိုတာ အလေ့ကျပေါက်ပင်
အချစ်ဆိုတာ မြေလျှိုးမိုးပျံ
အချစ်ဆိုတာ ဆင်ပြောင်ကြီး အမြီးကျမှတစ်
အချစ်ဆိုတာ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး
အချစ်ဆိုတာ ခဲမှန်ဖူးတဲ့ စာသူငယ်
အချစ်ဆိုတာ ဘယ်ဖက်နားကဝင်ပြီး ညာဖက်နားက ထွက်သွားတာ
အချစ်ဆိုတာ မြေဝယ်မကျ
အချစ်ဆိုတာ ဒို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ
အချစ်ဆိုတာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်
အချစ်ဆိုတာ မဖတ်ရသေးတဲ့စာအုပ်တစ်အုပ်
အချစ်ဆိုတာ ငါ့သမီးစာကျက်နေတယ်
အချစ်ဆိုတာ အစိမ်းစားရတယ်။ ကျက်သွားရင် မကောင်းဘူး။
လတ်လတ်ဆတ်ဆတ်မိလာတဲ့ အချစ်စိမ်းစိမ်းလေးအပေါ်ကို
သံပုရာသီး တစ်စိတ်၊ နှစ်စိတ် ကောက်ညှစ်ချလိုက်ပြီး တဖြည်းဖြည်း အရသာခံမြည်းကြည့်စမ်းပါတဲ့ ။
မောင့်အတွက်တော့ အချစ်က ကေခိုင်ပါပဲ။
                                                            သိပ်ချစ်တယ်(မောင်)

No comments:

Post a Comment